Monday, July 9, 2018

ဘာတွေပဲ ဖြစ်နေနေ၊ အဖေလာမယ် စိတ်ချ

ဘာတွေပဲ ဖြစ်နေနေ၊ အဖေလာမယ် စိတ်ချ
၁၉၈၉ခုနှစ်တွင် အာမေးနီးယားပြည်၌ ရစ်ချတာစကေး ၈.၂ရှိသည့် အင်အားပြင်းထန်သော မြေငလျင်ကြီးတခု ဖြစ် ပေါ်သည်။ တိုက်တာအိမ်ရာတွေ မြေကြီးမှာ ပြားပြားဝပ်သွားပြီး ၄မိနစ်ပင် မပြည့်သည့်အချိန်အတောအတွင်း လူ ပေါင်း ၃သောင်းကျော် သေဆုံးခဲ့ရသည်။
အပျက်အစီးတွေ ဖရိုဖရဲ ကစဥ့်ကလျားကြားမှာ ဖခင်တယောက် ဇနီးသည်ကို အိမ်မှာ ဘေးမသီရန်မခ ထားခဲ့ကာ သူ့ သားရှိနေမည့် စာသင်ကျောင်းဆီသို့ ပြေးလာသည်။ သို့သော် ကျောင်းဆီရောက်တော့ ကျောင်းက မြေမှာပြားချပ်နေပြီ။
ရုတ်တရက် သူ့ရင်ထဲ ဆို့နင့်ကာ ကယောင်ချောက်ချားဖြစ်သွားသည်။ သည့်နောက်မှာ သားကို သူပေးထားသည့် ကတိစကားကို ပြန်၍သတိရသည်။ “ဘယ်ကိစ္စမျိုးကြုံကြုံ သားဘာမှ မစိုးရိမ်နဲ့၊ အဖေရောက်လာမယ် စိတ်ချ” ဆို သော စကား။ သူ့မျက်လုံးအစုံထဲမှာ မျက်ရည်တွေ အိုင်လာသည်။ သူ့ရှေ့တွင် တချိန်က စာသင်ကျောင်းရှိခဲ့သော နေ ရာ၌ အုတ်ပုံ အစုအဝေးတခု ရှိနေသည်။ ဘယ်လိုမှ မျှော်လင့်နိုင်စရာ မရှိအောင် ပိပြားနေသည့် အုတ်ပုံကြီးတခု။ သို့ သော် သားထံပေးခဲ့သည့် ကတိစကားကို သူ ထပ်တလဲလဲ ပြန်ကြားနေသည်။
စိတ်ကိုတည်ငြိမ်အောင် ကြိုးစားထိန်းကာ သူနေ့စဉ်နံနက်တိုင်း လိုက်ပို့နေကျဖြစ်သည့် သူ့သားငယ်၏ စာသင်ခန်းရှိ ရာ နေရာကို မှန်းဆရှာဖွေသည်။ သားတို့အခန်းသည် အဆောက်အဦ၏ လက်ယာဘက်အပိုင်း နောက်ဘက်ခြမ်းမှာ။
သည်နေရာသို့ သူပြေးသွားသည်။ ပြီး အုတ်ကျိုးအုတ်ပဲ့တွေကို စတင်တူးဆွ ဖယ်ရှားခြင်း ပြုလေသည်။
သူဖယ်ရှားနေဆဲ တခြားမိဘတွေပါ ရောက်လာကြသည်။ “ငါ့သားလေး သေပါပြီ”။ “အမယ်လေး ... ငါ့သမီးလေး မရှိ တော့ပါဘူး” စသဖြင့် သောကမီး၊ ပရိဒေဝမီးတွေ တောက်လောင်ကာ ငိုကြွေးကြ မြည်တမ်းကြသည်။ တည်တည်ငြိမ် ငြိမ်ရှိသည့် တချို့သောမိဘများကတော့ (သွေးရူးသွေးတမ်း လုပ်ကိုင်နေဟန်ရှိသော) သူ့အား ကရုဏာသက်ကာ ကျောက်ပျက် အုတ်ကျိုးပုံမှ ဖျောင်းဖျခေါ်ယူကြသည်။
“မရတော့ပါဘူးဗျာ” “ဘယ်သူမှ အသက်မရှိတော့ပါဘူးဗျာ” “အဲဒီလို လုပ်နေလို့ အကျိုးမထူးတော့ပါဘူး၊ အိမ်သာ ပြန်ပါဗျာ” “စိတ်ထိန်းမှပေါ့၊ ခင်ဗျားမြင်တဲ့အတိုင်းပဲ၊ ဘာလုပ်လို့ ရဦးမှာလဲ” စသဖြင့် ပြောကြသည်။
တချိုကဆိုလျှင် “ဟေ့လူ ... တော်ပါတော့ဗျာ၊ ခင်ဗျားလုပ်တဲ့အတွက် ပိုတောင် ဆိုးနေဦးမယ်” ဟု ပြစ်တင်ကြသည်။
သည်လိုပြောလာသည့် မိဘတိုင်းကို သူက စကားတခွန်းပဲ ပြန်ပြောသည်။ “ဒီမှာ ... ခင်ဗျား အခု ကျနော်လုပ်နေတာ ကို ဝင်ကူမလား၊ မကူဘူးလား၊ ဒါပဲပြောဗျာ” ဟူ၍။ သည်နောက် အဲသည်လူတွေကို လျစ်လျူရှုကာ သူ့သားကို ဖော် ထုတ်နိုင်ဖို့ပဲ သူဆက်လုပ်သည်။ အုတ် အင်္ဂတေ အစိုင်အခဲတွေ တစ်တုံးချင်း တစ်ဖဲ့ချင်း ကောက်ယူဖယ်ရှားသည်။
သည်အချိန် မီးသတ်အရာရှိ ရောက်လာပြီး သူ့ကိုဆွဲထုတ်ဖို့ ကြိုးစားသည်။ “မီးတွေ လောင်နေပြီ၊ ဘယ်နေရာမဆို အချိန်မရွေး ထပေါက်နိုင်တယ်၊ ခင်ဗျားအတွက် အန္တရာယ်ရှိတယ်၊ ကျနော်တို့ လုပ်ပါ့မယ်၊ ကိုယ့်အိမ်ကိုယ်ပြန်ပါ” ဟု ဆိုသည်။ သားကိုချစ်သော အဖေကတော့ သူ့စကားကိုအရေးမထား။ “ခင်ဗျား ကျုပ်ကို ကူညီမလား၊ မကူညီဘူးလား၊ ဒါပဲပြောပါ” ဟုပဲ ပြန်ပြောသည်။
ရဲကလည်း ရောက်လာသည်။
“ခင်ဗျား သွေးရူးသွေးတန်းတွေ လျှောက်လုပ်မနေနဲ့၊ ခင်ဗျားကြောင့် တခြားလူတွေမှာ အန္တရာယ်ဖြစ်မယ်၊ အိမ်ပြန်ပါ၊ ကျနော်တို့ လုပ်ပါ့မယ်”
ရဲကိုလည်း ခင်ဗျား ကျနော့်ကို ကူညီမှာလားပဲ သူပြန်မေးသည်။
မည်သူကမျှ မကူညီ။
သို့သော် ကိစ္စမရှိ။ သူ့ဘာသာ တကိုယ်တည်း ဇွဲနပဲကြီးစွာ သူတူးဖော်သည်။ သူ့မှာ အရေးကြီးနေတာ တခုပဲရှိသည်။ “ငါ့သားလေး သေပြီလား၊ အသက်ရှင်နေသေးလား” ဒါသေချာဖို့လိုသည်။ မျက်မြင်ဒိဋ္ဌ သူတွေ့ရဖို့လိုသည်။
သူတယောက်တည်း အုတ်ကျိုးအုတ်ပျက်ပုံကို ဖယ်ရှားသည်။ ၈နရီကြာပြီ၊ ... ၁၂နာရီ၊ ... ၂၄နာရီ၊ ... ၃၆နာရီ၊ အဲ သည်နောက် ၃၈နာရီမြောက်၌ အုတ်အင်္ဂတေတုံးကြီးတစ်တုံး သူ ဆွဲထုတ်လိုက်ပြီးသည့်နောက်တွင် သား၏ အသံကို ကြားလိုက်ရသည်။
ချက်ချင်းပင် သားနာမည်ကို သူသံကုန် အော်ခေါ်လိုက်သည်။
“အာမန်း ...”
ပြန်အော်သံ ကြားရသည်။ “ဖေဖေ ... ဖေဖေလား၊ သားပါ ဖေဖေရေ၊ သူငယ်ချင်းတွေလဲ သားပြောထားတယ်၊ ဘာမှ မကြောက်ကြနဲ့၊ ငါ့အဖေ မသေသေးရင် ငါ့ကို သေချာပေါက် လာကယ်မှာ၊ ငါလွတ်ရင် မင်းတို့လဲ လွတ်မယ်” လို့ ဖေဖေ သားကို ကတိပေးထားတယ် မဟုတ်လား “ဘယ်ကိစ္စမျိုးကြုံကြုံ သား မစိုးရိမ်နဲ့၊ အဖေ ရောက်လာမယ်စိတ်ချ” ဆိုတာ လေ၊ အခု အဖေပြောထားတဲ့အတိုင်းပဲ ရောက်လာပြီပေါ့”
“အဲဒီအောက်ထဲမှာ ဘယ်လိုအခြေအနေရှိလဲ သား” အဖေက မေးသည်။
“သားတို့ ၃၃ယောက်ထဲမှာ ၁၄ယောက်ပဲ ကျန်တယ်အဖေ၊ သားတို့ ကြောက်လဲကြောက်တယ်၊ ဆာလဲဆာတယ်၊ ရေလဲငတ်တယ်၊ အဖေ ရောက်လာတာ အရမ်းဝမ်းသာတာပဲ၊ ကျောင်းကြီးပြိုကျတော့ သားတို့နေရာလေး ကွက်ပြီး တြိဂံပုံ အမြှောင့်လေး တမြှောင့် မပိဘဲ ကျန်နေတယ်၊ အဲဒါကြောင့် သားတို့ မသေတာ”
“ကဲ ... ထွက်ခဲ့တော့ သားရေ”
“နေဦး ဖေဖေရ၊ တခြားလူတွေ အရင်ထွက်ပါစေ၊ သားမှာက ဖေဖေရှိနေတာပဲ၊ ဘယ်လိုကိစ္စမျိုးကြုံကြုံ သားက မစိုး ရိမ်ဘူး၊ အဖေ လာကယ်မယ်ဆိုတာ သိနေတယ်”
မူရင်း ။    ။ Mark V. Hansen ၏ Are You Going To Help Me? ကို ဆရာဖေမြင့် ဘာသာပြန်ရေးသားသည်။
စာပေမြတ်နိုးသူများ - ဖေမြင့်၊ နှလုံးသား အာဟာရ (ရသစာများ) ဘာသာပြန်စာအုပ်ကို ဝယ်ယူ အားပေးခြင်းအားဖြင့် စာရေးဆရာများအား ကျေးဇူးဆပ်ကြပါစို့။

No comments: