Friday, February 10, 2017

ကျနော်သိသင့်သမျှ အရာအားလုံး သူငယ်တန်းကတည်းက သင်ခဲ့ပြီးပါပြီ

ဘဝမှာ ဘယ်လိုနေမည်၊ ဘာတွေလုပ်မည်၊ ဘယ်ပုံဖြစ်ရမည် ဆိုတာတွေနှင့် ပတ်သက်၍ ကျနော် သိသင့် သိထိုက်သည့်အရာ အများစုကို သူငယ်တန်းမှာကတည်းကပင် ကျနော် သင်ယူခဲ့ရပြီးဖြစ်သည်။
အသိဉာဏ် အမြော်အမြင်ဟူသည် တက္ကသိုလ်၊ ကောလိပ်ဆိုသည့် တောင်ထိပ်ပေါ်မှာ ရှိသည် မဟုတ်၊ မူကြိုကျောင်း က ကလေးကစားသည့် သဲကျင်းလေးထဲမှာပင် ရှိနေပါသည်။
အဲသည်မှာ ကျနော် သင်ခဲ့ သိနားလည်ခဲ့ရတာတွေက အများကြီး။
- ဘယ်အရာမဆို အများနှင့် ဝေမျှယူရမည်။
- မတရား မလုပ်ရ။
- သူတပါးကို မရိုက်ရ။
- ပစ္စည်းတခု ယူကိုင်ပြီးလျှင် မူလနေရာမှာ ပြန်ထားရမည်။
- ကိုယ်ရှုပ်ထားသည့် အမှိုက် ကိုယ့်ဘာသာ ရှင်းရမည်။
- ကိုယ့်ဥစ္စာ မဟုတ်ဘဲ မယူရ။
- ကိုယ့်ကြောင့် တစုံတယောက် ထိခိုက်နာကျင်သွားလျှင် တောင်းပန်ရမည်။
- အစားမစားမီ လက်ဆေးရမည်။
- အိမ်သာသွားပြီးလျှင် ရေဆွဲခဲ့ရမည်။
- ကွတ်ကီ (ဘီစကစ်) နှင့် နွားနို့သည် ပူပူနွေးနွေး စားသုံးမှ ကောင်းသည်။
- ဘဝကို မျှတစုံလင်စွာ နေထိုင်ရမည်။
- စာနည်းနည်းဖတ်ရမည်။
- ဦးနှောက်က နည်းနည်းစဉ်းစားရမည်။
- ပုံဆွဲရမည်၊ ဆေးခြယ်ရမည်၊ သီချင်းဆိုရမည်၊ ကရမည်၊ ကစားရမည်၊ အလုပ်လုပ်ရမည်၊ အားလုံး နည်း နည်းစီ နေ့စဉ် လုပ်ရမည်။
- ပြီးတော့ ...နေ့လယ်ခင်းမှာ တရေးအိပ်ရမည်။
- အပြင်ထွက်လျှင် ယာဉ် အသွားအလာကို ကြည့်၊ သူငယ်ချင်းနှင့် လက်တွဲ မခွဲမခွာဘဲ ကူးရမည်။
လောကကြီးထဲက အံ့သြစရာတွေကို ကြည့်တတ် မြင်တတ်ရမည်။ ပလစတစ် ခွက်ထဲက သစ်စေ့လေးကို သတိရ၊ အမြစ်က အောက်ဘက်ထိုးဆင်းသွားပြီး ပင်စည်က အပေါ်ထောင်တက်လာခြင်းသည် ဘာကြောင့်လဲ၊ သည်ကိစ္စ ဘယ်သူမျှ အဖြေမပေးနိုင်။ ကျနော်တို့ ကိုယ်တိုင်လည်း သည် သစ်စေ့လေး အတိုင်း အံ့သြစရာ။
ပြီး ... ရွှေငါးလေးတွေ၊ ဟမ္မစတာကြွက်ကြီးတွေ၊ ကြွက်ဖြူလေးတွေ အပြင် စောစောက ပြောခဲ့သည့် ပလစတစ်ခွက် ထဲက သစ်စေ့လေးသည်ပင် တနေ့မှာ သေဆုံးရမည်။ ကျနော်တို့သည်လည်း ထိုနည်းလည်းကောင်း။
အဲသည်နောက် ဒစ်(ခ) (ကောင်လေး) နှင့် ဂျိန်း (ကောင်လေး) ပါသည့် ဖတ်စာအုပ်အကြောင်းပြန်ပြောင်း တွေး ကြည့်စမ်းပါ။ သင်ပထမဆုံး သင်ရသည့် သင့်အတွက် အကြီးမားဆုံး ဝေါဟာရက ဘာလဲ။
Look ကြည့်ပါ တဲ့။ မှန်သည်။ လိုက်ရှာကြည့်ပါ။
သင်သိချင်သည့် အရာမှန်သမျှ အဲသည်စာအုပ်ထဲ တနေရာရာမှာ ပါသည်။ ကိုယ်ချင်းစာတရား ပါသည်။ ချစ်ခြင်းမေတ္တာပါသည်။ သန့်ရှင်းစင်ကြယ်မှု ပါသည်။ လူ၊ တိရစ္ဆာန်၊ သစ်ပင်နှင့် ပတ်ဝန်းကျင်တို့ ဆက်စပ်ရပ်တည် နေပုံကို ပြသည့် ecology ဂေဟ သဘောတရားကိုလည်း သူ့အထဲမှာ တွေ့ရမည်။ နိုင်ငံရေး၏ သဘောကိုလည်း တစွန်းတစ ရိပ်စားမိရသည်။ အသိဉာဏ်ရှိစွာ အသက် ရှင် နေထိုင်ရန် နည်းလမ်းများလည်း သူ ပေးထားသည်။
စဉ်းစားကြည့်ပါ။
ကမ္ဘာပေါ်မှာရှိသည့် ကျနော်တို့ လူသားတွေ အားလုံသာ နေ့လယ် ၃နာရီမှာ ကွတ်ကီ ပူပူစား၊ နွားနို့ ပူပူလေးသောက် ကာ စောင်လေး ကိုယ်စီခြုံပြီး တရေးအိပ်ကြမည်ဆိုလျှင် ကမ္ဘာကြီး ယခုထက် မည်မျှပို၍ အေးချမ်းသွားပါမည်နည်း။
သို့တည်းမဟုတ် ကျနော်တို့ တိုင်းပြည်အသီးသီးမှာ “ကိုယ် ကိုင်မိသည့် ပစ္စည်းကို မူလတွေ့ရှိခဲ့သည့် နေရာမှာ ကိုယ် ပြန်ထားမည်၊ ကိုယ်ရှုပ်သည့် အမှိုက်ကို ကိုယ်ပြန်ရှင်းမည်” ဟူသော မူဝါဒကိုယ်စီ တိတိကျကျ ချထားကြမည်ဆိုလျှင် ကော သည်ကမ္ဘာကြီး ဘယ်လောက် သာယာလှပသွားပါမည်နည်း။
ပြီး ... စဉ်းစားကြည့်ပါ။ သင်တို့ ကျနော်တို့ အသက်အရွယ် ဘယ်မျှရှိသည်ဆိုစေ အပြင်လောက ကမ္ဘာထဲ ထွက်သည့်အခါ လက်ချင်းမြဲမြဲတွဲ၍ မခွဲမခွာ သွားကြမည်ဆိုလျှင် အားလုံးအတွက် မည်မျှ ပျော်ရွှင်ချမ်းမြေ့စရာ ဖြစ် သွားပါမည်နည်း။

ဆရာဖေမြင့် ရေးသားသော နှလုံးသား အာဟာရ (ရသစာများ) မှ မူရင်း ။    ။ Robert Fulghum ၏ All I Really Needed To Know I Learned In Kindergarten ကို ဘာသာပြန်ဖြစ်သည်။
စာပေမြတ်နိုးသူများ - ဖေမြင့်၊ နှလုံးသား အာဟာရ (ရသစာများ) ဘာသာပြန်စာအုပ်ကို ဝယ်ယူ အားပေးခြင်းအားဖြင့် စာရေးဆရာများအား ကျေးဇူးဆပ်ကြပါစို့။

No comments: