ညီအစ်ကို နှစ်ယောက်
မိသားစုပိုင် ယာမြေတစ်ခုကို ညီအစ်ကိုနှစ်ယောက် အတူတကွ လုပ်ကိုင်ကြသည်။ တစ်ယောက်က အိမ်ထောင်သည် သူ့မိသားစုကကြီးသည်။ နောက်တစ်ယောက်က လူပျိုလူလွတ်။
တစ်နေကုန် အလုပ်လုပ်ပြီးလျှင် လယ်ယာထွက်သီးနှံများနှင့် ရောင်းချရသည့် အမြတ်အစွန်းများကို ညီအစ်ကိုနှစ် ယောက် ညီတူမျှတူ ခွဲဝေယူကြသည်။
တစ်နေ့မှာတော့ တစ်ကိုယ်တည်းသမား စဉ်းစားသည်။ “လယ်ယာထွက် သီးနှံတွေ အကျိုးအမြတ်တွေကို ညီတူညီ မျှ ခွဲဝေနေတာ မသင့်ဘူး၊ ငါက တစ်ယောက်တည်းသမား၊ ငါ့လိုအပ်ချက်က နည်းနည်းလေး” သည်လိုတွေးကာ ညစဉ် ညတိုင်း သူ့စပါးကျီမှ စပါးတစ်အိတ်စီ ထမ်းကာ ကွင်းပြင်ကို တိတ်တဆိတ် ဖြတ်သန်းပြီး သူ့အစ်ကိုအိမ်က စပါးကျီထဲ သွားထည့်သည်။
သည်အတွင်း အိမ်ထောင်ရှင် အစ်ကိုကြီးကလည်း စဉ်းစားသည်။ “သီးနှံတွေ၊ ဝင်ငွေတွေကို ညီတူညီမျှ ဝေယူနေကြ တာ မမှန်ဘူး၊ ငါက အိမ်ထောင်သည်၊ ငါ့မှာ အသက်ကြီးတဲ့အချိန် ပြုစုစောင့်ရှောက်ဖို့ မိန်းမရှိတယ်၊ သားထောက်သမီး ခံ ရှိတယ်၊ ငါ့ညီမှာက တစ်ယောက်တည်း၊ မမာရေး မကျန်းရေးဆိုရင် စောင့်ရှောက်မယ့်သူ မရှိဘူး” ဟူ၍တွေးကာ ည တိုင်း စပါးတစ်အိတ်စီထမ်းပြီး သူ့ညီ စပါးကျီထဲ သွားထည့်သည်။
သည်လိုနှင့် နှစ်ချီ၍ ကြာလာသည်။ ကိုယ့်ကျီထဲက စပါးတွေ ညစဉ်ထုတ်ယူနေပါလျက် လျော့နည်းသွားခြင်း မရှိ သည်ကို နှစ်ယောက်လုံးပင် စဉ်းစားမရ ဖြစ်နေကြသည်။
သို့သော် မှောင်မည်းမည်း ညတစ်ည၌ ညီအစ်ကိုနှစ်ယောက် ဝင်တိုက်မိကြသည်။ သည်တော့မှပင် တစ်ယောက်ကို တစ်ယောက်ကြည့်က ဖြစ်ပျက်နေပုံ အလုံးစုံကို နှစ်ဦးသား သိမြင်သွားကြသည်။
စပါးအိတ်တွေ ပစ်ချကာ ညီအစ်ကိုတွေ တစ်ဦးကိုတစ်ဦး တင်းတင်းဖက်ထားလိုက်မိကြလေသည်။
မူရင်း ။ ။ More Sower's Seeds စာအုပ်မှ အမည်မသိစာရေးသူ၏ Two Brothers ကို ဆရာဖေမြင့် ဘာသာပြန် ရေးသားသည်။
စာပေမြတ်နိုးသူများ - ဖေမြင့်၊ နှလုံးသား အာဟာရ (ရသစာများ) ဘာသာပြန်စာအုပ်ကို ဝယ်ယူ အားပေးခြင်းအားဖြင့် စာရေးဆရာများအား ကျေးဇူးဆပ်ကြပါစို့။
Thursday, July 12, 2018
မဟတ္တမ ဂန္ဓီရဲ့ ဖိနပ်တစ်ရံ
မဟတ္တမ ဂန္ဓီရဲ့ ဖိနပ်တစ်ရံ
တစ်နေ့ မဟတ္တမ ဂန္ဓီကြီး ခရီးသွားရန် ရထားပေါ်အတက်မှာ သူ၏ဖိနပ်တစ်ဖက် ကျွတ်ပြီး အောက်ဘက်သံလမ်းပေါ် ကျသည်။ ရထားက ထွက်စပြုနေပြီဖြစ်ရာ သူ ကောက်မယူနိုင်တော့။
ဘေးလူတွေ ငေးကြည့်နေကြဆဲ ဂန္ဓီက အေးအေးဆေးဆေးပင် သူ့မှာ ကျန်နေသေးသည့် ဖိနပ်တစ်ဖက်ကိုချွတ်ကာ စောစောက ကျွတ်ကျခဲ့သည့် နေရာဘက်ဆီသို့ လှမ်းပစ်လိုက်သည်။
“ဟာ ... ဘာလုပ်တာလဲ” ခရီးသည်တစ်ယောက်က မေးသည့်အခါ ဂန္ဓီကြီးက ပြုံးပြီး “စောစောက တစ်ဖက်တည်း ကောက်ရမယ့်လူ အခုတော့ တစ်ရံ ရသွားမှာပေါ့ဗျာ၊ အဲဒါဆို သူ စီးလို့ ရသွားပြီ” ဟု ဖြေလေသည်။
မူရင်း ။ ။ The Little, Brown Book of Anecdotes မှ အမည်မသိစာရေးသူ၏ Shoes ကို ဆရာဖေမြင့် ဘာသာပြန် ရေးသားသည်။

Subscribe to:
Posts (Atom)